Wednesday, May 10, 2017

အမြင့်တက်ခြင်းအနိမ်ဆင်းခြင်းဖြင့်

ISLAM POST


အမြင့်တက်ခြင်း၊ အနိမ့်ဆင်းခြင်းဖြင့် စွန္နသ်၏ ကုသိုလ် ရယူနည်း ၁။ အမြင့်သို့ တက်သည့်အခါ ညာခြေကို လှမ်းပြီး အလ္လာဟု အပ်က်ဗရ် ဆိုပါ။ အမြင့်ဟုဆိုရာတွင် လှေကားထစ် တစ်ထစ် နှစ်ထစ်ကို တက်ရသည်ဖြစ်စေ အထက်ပါကဲ့သို့ ပြုပါ။ ၂။ အနိမ့်သို့ဆင်းချိန်တွင် ဘယ်ခြေကို လှမ်းပြီး စွဗ်ဟာ နလ်လာဟ် ဟုဆိုပါ။ မှတ်ချက်။ မွလ္လာအလီကာရီ ရဟ်မသုလ်လာအလိုင်းဟ်က မိန့်သည်။ မြင့်သောနေရာသို့ တက်ရာတွင် အလ္လာဟု အပ်က်ဗရ်ဟု ဆိုရခြင်း၏ သဘောတရားမှာ အပေါ်ယံအားဖြင့် ကျွန်ုပ်တို့သည် အမြင့်သို့ ရောက်ရှိကာ မြင့်ကြောင်း မြင်နေရသော်လည်း စင်စစ်မှာ မြင့်မားခြင်းနှင့် ကြီးကျယ်မြင့်မြတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်ပေသည်ဟု ထုတ်ဖော်ခြင်း ဖြစ်သည်။ အနိမ့်သို့ ဆင်းရာတွင် စွဗ်ဟာနလ်လာဟ် ဆိုရခြင်း၏ သဘောတရားမှာ အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့သည် နိမ့်သောနေရာသို့ သွားနေသူများ ဖြစ်ကြပြီး အရှင်မြတ်သည် အဆင့်နိမ့်ခြင်း၊ အောက်ကျခြင်းတို့မှ သန့်စင် ကင်းစင်တော်မူသော အရှင် ဖြစ်တော်မူပါသည်ဟု အလ္လာဟ်အရှင်မြတ်အား အမွှန်းတင်ခြင်း ဖြစ်သည်။ (မုဖ်သီဂျလာလွဒ်ဒီးန် ဆွာဟိဗ် ဘာသာပြန်ဆိုထားသည့် ချစ်လှစွာသော မြတ်တမန်တော်၏ ချစ်လှစွာသော စွန္နသ်တော်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။) ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်နေ့တိုင်း လှေကားအတက်အဆင်းများကို များစွာ ပြုလုပ်နေရသည်။ တနည်း အမြင့်တက်ခြင်း၊ အနိမ့်ဆင်းခြင်းဟူသည့် လုပ်ရပ်ကို မိုးလင်းသည်မှ စ၍ မိုးချုပ်သည်အထိ တကြိမ်မဟုတ် တကြိမ် ပြုလုပ်ရသည်သာ ဖြစ်၏။ တိုက်ခန်း လှေကားများကို တက်ဆင်းနေရသည်။ စူပါမားကတ်များ၊ ဈေးဝယ်စင်တာများသို့ ရောက်လျှင် စက်လှေကားဖြင့် အတက်အဆင်း ပြုကြသည်။ ဆေးရုံများ၊ ကွန်ဒိုအိမ်များတွင် ဓာတ်လှေကားများဖြင့် အပေါ် အောက် သွားလာကြသည်။ နေ့စဉ်နှင့်အမျှ ပြုနေရသည့် လုပ်ဆောင်ချက်များတွင် စွန္နသ်၏ နည်းလေးကို ထည့်သွင်း ကျင့်သုံးလိုက်မည်ဆိုပါက ကျွန်ုပ်တို့၏ အာခိရသ်သည် စိမ်းလန်း လှပနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ အလွန်လွယ်ကူ တိုတောင်းပြီး မြင့်မြတ်လှသည့် စကားလုံးများကို အတက်အဆင်းပြုချိန်တွင် ရွတ်ဆိုလိုက်ခြင်းဖြင့် စွန္နသ်၏ ကုသိုလ်ကို လွယ်လွယ်ကူကူပင် ရမည် ဖြစ်၏။ မီးပြင်သူများ၊ ဆိုင်းဘုတ်လုပ်ငန်းလုပ်သူများ၊ ဆေးသုတ်သူများလည်း အမြင့်ကို တက်၍ လုပ်ဆောင်ရသည် ဖြစ်ရာ ဤအမလ်လေးကို ကျင့်သုံးနိုင်ပါသည်။ လွယ်ကူပေါ့ပါးသည့် စွန္နသ်များ ကျင့်သုံးခြင်းဖြင့် လူအများကြား ထင်ပေါ်စွာပြုရမည့် စွန္နသ်များကို ရဲတင်း သတ္တိရှိစွာ ပြုလုပ်နိုင်ရန် အင်အား ဖြစ်စေပါသည်။ နေ့စဉ် ရှင်သန် ကျင်လည်နေရသည့် လုပ်ငန်းဆောင်တာများဖြင့် အာခိရသ်အတွက်ပါ ကုသိုလ်စုဆောင်းနိုင်ရန် ရည်ရွယ်၍ အလ်မုဖီးဒ်၏ စာဖတ်သူများအတွက် တင်ဆက်လိုက်ပါသည်။

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home